Monday 18 November 2013

သံသရာ တစ်ကွေ့ဝယ်




      လူတွေ လူတွေ တော်တော်ခက်ကြတာပဲ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေရတာ။ ပိုက်ဆံမရှိရင် စိတ်ဆင်းရဲရတာ ကိုယ်ကိုယ်တိုင်ပဲ သိတာ။ ဘေးကနေ သူတို့လဲကူနိုင်တာမဟုတ်။ ကိုယ်လုပ်နေတာကြပြန်တော့လဲ ဘေးကနေစေ့စေ့ကြည့်ပြီး အတင်းဆိုတာ တုတ်ကြ သေးတာ။ ကျွန်မလဲ အစကတော့ ဂရုစိုက်ပါတယ်။ လူပြောစရာလေးများ ဖြစ်မလားဟဲ့ပေါ့။ ဒါပေမယ့် ဘယ်လိုပဲနေနေ ပတ်ဝန်းကျင်ဆိုတာက ချီးမွှမ်းဖို့ဆိုရင်သာ ခက်နေတာ ကဲ့ရဲ့တာဖို့ဆိုရင်တော့ နေ့မကူးဘူးရက်ကွက်ထဲသတင်းပြန့်တာမြန်ပ။ 

         အင်းကျွန်မလုပ်နေတဲ့ အလုပ်ကလဲ  ငါးရောင်းတာကိုး။ ဒီတော့ ဈေးသည်ဆိုတာမှ အော်ကြော်လန် ၀က်ဝက်ကွဲ ငါးစိမ်းသည် ဆိုတာကို ယူထားတာ။ ဒီလိုပြောလို့ ကျွန်မလို ဘ၀တူတွေကို နှိမ်လိုက်တာမဟုတ်ရပါဘူး။ လူတိုင်းရဲ့စိတ်ထဲမှာကိုက ငါးစိမ်းသည် ဆို အပေါက်ဆိုးတယ် အလေးခိုးတယ် စွာလန်ကျဲတယ် အဲဒီလိုမူသေ မှတ်ယူထားကြတာမဟုတ်လား။တစ်ကယ်လဲ ကျွန်မစွာပါတယ်။ မဟုတ်ရင် မခံတာလေးတစ်ခုပါပဲ။ အဖေဆုံးသွားပြီးထဲက အမေကလဲ ဘာမှ မလုပ်တတ် မောင်လေးကလဲ သုံးလေးနှစ်လောက်ရှိသေးတာ။ ပိုက်ဆံ ဆိုတာတော့မေးမနေနဲ့ အမေ့လည်ပင်းက ရွှေကြိုးလေးတောင် အဖေ့အသုဘစားရိတ် လုပ်လိုက်ရပါရောလား။ ဒီတော့ ရက်လည် ကရတဲ့ ကူငွေလေးနဲ့ အမေ့နားကတ်လေးထပ် ရောင်းပြီး ကျွန်မလဲ လောကကြီးထဲ ကုန်စိမ်းသည် အနေနဲ့ ခြေပစ်လက်ပစ်ဝင်ချလိုက်ရတာ။

    ဒါပေမယ့်တစ်ခုတော့ရှိတယ် ကျွန်မက ငယ်ငယ် လေးထဲကစွာတယ်။ရဲတယ်။ လူသိပ်မကြောက်တတ်ဘူး။ ကုန်စိမ်းစပြီးရောင်းစကတော့ ဘာပြောကောင်းမလဲ နေ့တိုင်းမျက်ရည်နဲ့ မျက်ခွက်။ ဈေးရောင်းလို့မကောင်းတာကတစ်မျိုး။ ဘ၀တူတွေအချင်းချင်း အလိမ်ခံလိုက်ရတာက တစ်ဖုံ။ နေရာမရလို့ ဗန်းကြီး ခေါင်းရွက် ဟိုရွှေ့ဒီရွှေ့နဲ့ ဈေးကောက်ကို မျက်နှာလုပ်ရတာကတစ်မျိုး။ အရင်းလေးများပြုတ်တော့ မလားဟဲ့လို ရင်တစ်မမနဲ့စ ခဲ့ရတာ။ 

     တစ်ခါတစ်လေများဆို အိမ်မှာဆန်ပြုတ်တောင်နပ် မှန်တာမဟုတ်ဘူး။အိမ်လခကလဲ ပေးရသေး။ မပေးရင်လဲ လမ်းဘေးတဲထိုးပြီး နေရမယ့်ဘ၀။ ဒီတော့ လျှော့စားပြီး အိမ်လခပေးရတော့တာပဲ။ ပိုက်ဆံမရှိ မျက်နှာမွဲမို့ အမယ်လေး ကူမယ့်သူမပြောနဲ့ ရပ်ကွက်ထဲခေါ်မယ့် ပြောမယ့်သူ ရှိကို မရှိတာ။ ပိုက်ဆံလေးများချေးလိုက်မယ်လေလို့ မတွေးနဲ့ နေ့ပြန်တိုးနဲ့ကို နစ်မှာ။ ဒီလိုနဲ့ပဲ လူရည်လေးလည်လာတော့ ကိုယ်က အပြောကောင်း အဆိုကောင်း စေတနာလေးလဲ ထည့်ရောင်း တော့ ကျွန်မတို့မိသားစု ထမင်းနပ်မှန်ရုံတင်မက။ ငွေလေးကြေးလေး နဲနဲ စုမိလာတယ်။

         ပြီးတော့ အိမ်ကအငယ်ကောင်လဲ ကျောင်း တက် ရတော့မယ်ဆိုတော့ ကျွန်မလဲ အကုသိုလ်ပေမယ့် ပိုက်ဆံရဖို့က အဓိကမဟုတ်လား။ ငါးစိမ်းသည်ဘ၀ ပြောင်းလိုက်ရတာ။ မပြောင်းလို့လဲ မဖြစ်ဘူး ဒီခောတ် ကန်းဇွန်းရွက် တစ်စီးနှစ်ရာ လောက်ဖြစ်နေတဲ့ အချိန် ဘွဲ့လေးတစ်ခုတောင် မရှိတဲ့ မိန်းကလေးတစ် ယောက်အနေနဲ့ အိမ်မှာရှိတဲ့ မောင်လေးကျောင်းစားရိတ် နဲ့အမေ့အတွက် ဒီလိုမှ အကုသိုလ်နဲ့ ငွေမရှာရင် ကျွန်မလိုမိန်းမမျိုး ခပ်ရိုင်းရိုင်းပြောရ ဟိုလိုမိန်းမပဲဖြစ်တော့မှာပေါ့။

   နှိမ်ပြောတာ မဟုတ်ရပါဘူး။ တစ်ကယ်တော့ ဒီခောတ်ဒီအခါ ဒီလိုအချိန်မျိုးမှာ ပိုက်ဆံဆိုတာရှာရတာကိုးက ခက်နေတာ လူတိုင်းလဲသိနေကြတာပဲ။ ကိုယ်တိုင်က အငတ်ခံနိုင်ပေမယ့် ကိုယ့်အမေ ကိုယ့်မောင် ငတ်နေတော့လည်း မျက်စိစုံမိတ်ပြီး မတတ်နိုင်ဘူးလေ လို့ ပြောနိုင်တဲ့ အသည်းနှလုံးမှ မရှိခဲ့ပဲ။ လူတိုင်း လူတိုင်းမှာ အကြောင်းပြချက်ကလေးတော့ ရှိကြတာပဲ မဟုတ်လား။ အရေးကြီးတာက ကိုယ်လုပ်နေတာကို ကိုယ်တိုင်အမှားအမှန် သိဖို့လိုတာပါ။ ငါးရောင်းတယ်ဆိုမှတော့ ရှင်တာလဲပါတာပေါ့လေ။

        ဘယ်တတ်နိုင်မလဲ မျက်လုံးစုံမှိတ်လို့ သတ်ရတာပဲ။ အကုသိုလ်နဲ့တော့ ကျွန်မမပျော်ပါဘူး။တစ်ကယ်ပါ။ သို့ပေမယ့် ကံဆိုတာကလဲ ခက်သားလား။ စီးပွားရေးများတက်လာလိုက်တာ ဒီရေအလား။ ပထမ ကျွန်မငါးရောင်းတဲ့ဆိုင်လေး ကိုယ်ပိုင်ဝယ်လိုက်နိုင်တယ်။ ဘယ်လိုပြောရမလဲ ဒီခောတ်စကားနဲ့ ဆိုရင်တော့ ဆိုင်ပိုင်ရှင်က နှစ်လုံးထိုးတာ ဗိုက်နာနေတဲ့အချိန်ပေါ့ ။ 

     ဒီတော့ ဗိုက်နာတဲ့ဈေးလေးနဲ့ ကျွန်မ၀ယ်လိုက်နိုင် တယ်။ ပြီးရက်ကွက်ထဲ ငွေတိုးချေးစားတာလဲ ကျွန်မပဲ။ ပြောရရင် ကျွန်မနဲ့ ကိုက်တယ်ပေါ့။ ကျွန်မက အော်နိုင်တာကိုး။ ပြောနိုင်တာကိုး။သို့ပေမယ့် မရှိတဲ့ လူတွေဆို ကျွန်မကိုယ်ချင်းစာပါတယ်။ နိုင်ထက်စီးနင်းမလုပ်တတ်ဘူး။ ခက်တာကလူတွေပဲလေ တစ်ချို့ကြတော့လဲ တစ်ကယ်ကို ဒုက္ခ ရောက်တာ။ တစ်ချို့ဆိုလည်း သူများပိုက်ဆံယူပြီး ပြန်မပေးချင်တာ။ အို လူအမျိုးမျိုးစရိုက် အဖုံဖုံပါပဲ။

      ဟောခုဆိုရင်.. ကိုယ်ပိုင် အိမ်လေးတောင် ၀ယ် ထားလိုက်နိုင်တာ။ အမယ်လေး ဒီတော့ ရပ်ကွက်ထဲက ဘာပြောကြတယ် မှတ်သလဲ။ အကုသိုလ်နဲ့မှ စီးပွားဖြစ် တာတဲ့လေ။ နောက်ပြီး ငါးယူနေကြ ငါးဆိုင်ပိုင်ရှင်ဒိုင်နဲ့က ဘာလိုလို ပြောနေကြသေးတာ။ မျက်နှာလေးပြစားတယ်ဆိုလားပဲ။   ဒေါသတွေထွက်လိုက်တာ။ ပြီးတော့ ပြောရက်လိုက်ကြတာ။ ဘယ်လောက်တောင်ဆိုးခဲ့သလဲဆို ငယ်ချစ်ဦးကတောင် တစ်ကယ်ပဲဖြစ်နေသလိုလိုနဲ့ သံသယတွေ ၀င်ပြီး ကွဲကွာသွားကြတဲ့အထိ။ 

    ရက်ကွက်ထဲက မိန်းမတွေပါးစပ်များ အဲဒီထဲက စိတ်ကလဲနာ ပြီးတော့ သူတို့ကို ဂရုစိုက်ချင်စိတ်လဲ မရှိတော့ဘူး။ သူတို့လဲပြောချင်ရာပြော ကျွန်မလဲ ကျွန်မလုပ် စရာရှိတာလုပ်တယ်။ရှေ့တင်လာပြီး စောင်းသလို ရွှဲ့သလိုဆိုရင်တော့ ပါးစပ်နဲ့မပြောဘူး လက်နဲ့ကိုပြောပစ်လိုက်တယ်။ ကဲ ဘယ်သူ ပြောရဲသေးလဲ။ဒီတော့ ကျွန်မကကြမ်းတယ်ပေါ့။ ရိုင်းတယ်ပေါ့။ ရှင်တို့ပဲ စဉ်းစားကြည့်လေ သူတို့ကမှ မကောင်းတော့ ကျွန်မလဲ မကောင်းနိုင် တော့ဘူး။ 

     ဘာပြောကောင်းမလဲ ကျွန်မနဲ့ မတည့်တဲ့ ကောင်မတွေများ ငွေတိုးယူထားလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။နောက်ပြီး ဒီလိုအချိန် ဒီလိုအခါက နှစ်လုံးတို့ဘာတို့ နှိပ်စက်တဲ့ အချိန်မဟုတ်လား။ ခောတ်ပျက်သူဌေးပဲခေါ်ခေါ် ။အပိုင်လုပ်ပြီးသူတို့နေတဲ့ အိမ်တွေကို အတိုးနဲ့သတ် ပြီးပွဲစားနဲ့ပေါင်းပြီးရောင်း ကျွန်မအကြွေးလဲရ ပွဲစားခငွေလေးလဲ ခပ်မြတ်မြတ်လေးရ။ကဲ မပိုင်ဘူးလား။  ကောင်မတွေလား အမယ်လေး ငိုကြတာပေါ့။ တောင်းပန်ကြတာပေါ့ ငိုလဲ မသနားနိုင်ဘူး။ အရင်သူတို့အလှည့်တုန်းက လုပ်ထားတာ..အလှည့်ကျတော့ မနွဲ့စတမ်းပေါ့အေ လို့ မျက်စလေးချီ ထမိန်လေးမပြီး ကျောခိုင်းလိုက်ရတာကိုးက အရသာ။

   ကျွန်မက အတေးအမှတ်ကြီးတယ်။ကိုယ့်ကိုယ်နစ်နာအောင်လုပ်ထားပြီဆိုရင် အချိန်ဘယ်လောက်ပဲကြာကြာ မှတ်ထားပြီး ကျွန်မအလှည့်ဟေ့ဆိုတာကို ရောက်အောင်စောင့်တာ။ ကိုယ့်အလှည့်တုန်းကလဲ ခံစရာရှိ ကိုယ်က လိမ့်ပိန့်ပြီး ခံထားရတာမဟုတ်လား။ ခုသူတို့အလှည့် ဘာငဲ့စရာ ရှိတုန်း။ ပေဖြစ်တုန်းက ခံခဲ့ပြီးပြီပဲ တူဖြစ်တဲ့ အလှည့်မှ သနားပါရှင် ဆိုတဲ့စကားတစ်ခွန်းလောက်နဲ့ ဟောဒီက ကျော့မေ တို့က ပြီးပြီးရော လက်ခံလိုက်ရမတဲ့လား။

     ငါးဆိုင်ပိုင်ရှင်မိန်းမက အဆိုးဆုံး။ သူကလဲပိုက်ဆံလိုလို့ ကိုယ်ကလဲ ဒီပိုက်ဆံနဲ့ဝယ်နိုင်လို့ ၀ယ်တာကိုပဲ။ သူ့မှာ မကျေနပ်ဘူး။ ကျွန်မ ထင်တာတော့ စီးပွားရေးတက်လာတော့ မလိုမုန်းထား ဘ၀တူအချင်းချင်း မနာလိုတာပိုများပေါ့။ ဒီတော့ ဟုတ်သလိုလိုနဲ့ အတင်းကနေ သတင်းတွေဖြစ်တော့တာပဲကိုး။ နောက်ဆုံးတော့ ကျွန်မက ရပ်ကွက်ထဲ နာမည်ပျက်တာပဲ အဖတ်တင်တော့ပေါ့လေ။

    ဒါပေမယ့် ကိုယ့်ဘာသာကိုယ်တွေးကြည့်ပြန်တော့လဲ တန်ပါတယ်လေ။ ကျွန်မအမေ ကျွန်မမောင်လေး လူတန်းစေ့စားနိုင် နေနိုင် ကျောင်းတက်နိုင်။ အမေ နဲ့မောင်လေးကတော့ ပြောပါတယ်။ ဒီအကုသိုလ် အလုပ် သူများ မျက်ရည်ပေါက်ကြီးငယ်ကျမှ ရတဲ့ပိုက်ဆံ တွေကို ရပ်လိုက်ပါတော့တဲ့။ နို့ပေမယ့် လူ့စိတ်ဆိုတာက ခက်သားပဲ မဟုတ်လား။ ဒီအလုပ်နဲ့မှ ဒီလိုဖြစ်လာတာဆိုတော့ ကျွန်မကတော့ မစွန့်နိုင် ဘူး။

   လောဘက ဦးဆောင်နေတာကိုး။ အလှူအတန်းတော့ ရက်ရောတယ်။ နှမျှောတယ် တွန့်တိုတယ်လို့ မရှိဘူး။ ရွက်ကွက်ထဲ သာ ရေးနာရေးဆို ရှေ့ဆုံးကနေကို လှူ တာ။ ဒီတော့ ရပ်ကွက်ထဲက မိန်းမတွေများ  ဘာပြောတယ်မှတ်တုန်း။ အမယ်လေး ငါးစိမ်းသည်မက သူဌေးနာမည်ခံနေပါရောလားဆိုပဲ။ လှူ လိုက်တာတော့ ကျုပ်လှူ တာပေါ့။ ဈေးသည် ဈေးထဲဆိုတော့လဲ သတင်းကအကုန်ပြန် ကြားရတာ။ စေတနာတစ်ကျပ်ဖိုးအပြင် ဒေါသနဲ့မောဟပါ ထည့်ပေါင်းတော့ကုသိုလ်ကတစ်ပဲ ငရဲကတစ်ပိဿ 
ပေါ့လေ။

      ပြန်ပြီးကြားကြားနေရတဲ့ သတင်းစကား အတင်းတွေကြောင့် ကျွန်မစိတ်မှာ တစ်နေ့တစ်နေ့ ဒေါသ၊မာန နဲ့ မောဟမီးများ လောင်လိုက်တာ မပြောပါနဲ့။ နားရတယ်ကိုးမရှိဘူး။ ဒီကြားထဲ လုပ်နေတာက ငါးရောင်းတာ။ ငါးကလဲ သတ်ရင်းသတ်ရင်း လက်ကလဲယဉ်လာလိုက်တာ။ မနောကံနဲ့ပါ ကျူးး လွန်မိလာတယ်။ အဲဒီပြောနေတဲ့ ကောင်မတွေကိုလဲ ငါးတွေရဲ့ ခေါင်းကို ဓါးမနဲ့ တိကနဲ ဖြတ်လိုက်သလို ဒင်းတို့ကိုပါ တိကနဲ ဖြတ်ချင်လာတယ်။

     ကျွန်မမှားနေလို့ ပြောတယ်ဆိုပြောပါ။ အချိန်ပြည့်စိတ်ထဲမှာ ဒေါသ မာန မခံချင်စိတ် ငါဆိုတဲ့ မာန်အမယ်လေး အားရတယ်ကိုးမရှိပါဘူး။ကိုယ်မှမဟုတ်တဲ့ဟာကို ဒင်းတို့က တစ်စိတ်တစ်အိတ်လုပ်ပြီးပြောနေတာ ရင်ထဲမှာခံပြင်းလွန်းလို့။ဘယ်လောက်တောင်လဲဆို ကျွန်မရဲ့မျက်နှာမှာ ဒေါသရဲ့ အရှိန်နဲ့အချိန်ပြည့် နီမြန်းလာတယ်။ အရင်လိုစကားတွေ မချို သာနိုင်တော့ ဘူး။ ပိုက်ဆံလေးလဲရှိလာတော့ မာန်ဆိုတာလေးကလဲ ရောက်လာပြီးကိုး။ 

    ဒီတော့ ဒင်းတို့က ဆိုကြပြန်သေးတာ ကျွန်မက အသက်ကြီးလေ မိုက်လုံးကြီးလေတဲ့။ ဒီလိုဆိုကြပြန်တာလား။ ကျွန်မရဲ့ စိတ်တွေကလဲ ကြိတ်မနိုင်ခဲမရပေါ့။ ပူလောင်လိုက်တာ ပြောမနေပါနဲ့ နေ့တိုင်းအဲဒီခံပြင်းတဲ့ စိတ်ကြီးနဲ့နေရတာ။ ဒီကြားထဲ ကျွန်မခေါင်းကလဲ ပိုပိုပြီး ကိုက်လာတယ်။ဆေးခန်းပြ ခဏပါပဲ။ နောက်နေ့ ပြန်ကိုက်မထနိုင်ဘူး။ထင်တော့ ငါးတွေရဲ့ခေါင်းကို ထုထုသတ်ခဲ့တဲ့ဝဋ်ကတော့ ဘ၀မကူးခင်လည်ပြီထင်ပ။

      ဒီကြားထဲ ခေါင်းကကိုက်နေတာတောင် စိတ်ထဲဂယောင်ဂတမ်းနဲ့ ငါးခေါင်းတွေ ထုနေသေးတာ။ ဒီလိုနဲ့ ကျန်းမာရေးကလဲ တစ်နေ့ရွှေ တစ်နေ့ငွေ ဒီကြားထဲ အမေကလဲ အသက်ကြီးတော့ဆုံးသွားပြန် မောင်လေးကလဲ အရွယ်ရောက်ပြီ ပညာလဲစုံ ကြင်ယာလဲစုံပြီးပေါ့။ ဒီတော့ ကျွန်မတစ်ယောက်တည်း အထီးကျန်လိုက်တာ။ အသက်ကလေးကလဲ ရလာ ဘ၀ကလဲ ကြမ်းဆိုတော့ ဇရာရဲ့နှိပ်စက်ချင်းကို လူးလိမ့်ပြီးခံရတော့တာပဲ။ 

    ကျွန်မရဲ့ မျက်နှာကလဲ တေးထားတဲ့ အာဂတတွေ လုပ်နေတဲ့ အကုသိုလ်တွေ လောဘတွေ မောဟတွေ မာန်တွေမချနိုင်သေးတော့ ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသလားမှတ်ရတယ်။ ဒါတောင် လူတွေကပြောနေသေး တာ အဲဒီမိန်းမကြီး သေရင်ဥစ္စာစောင့်ဖြစ်မှာတဲ့လေ။ ကိုယ့်ပစ္စည်းကိုယ်စောင့်တာ ဘာဖြစ်တုန်း။ ဒင်းတို့အပူလား။ အသက်ကကြီးလေ တစ်ယောက်တည်းဖြစ်လေ ဒေါသကပိုကြီးလေ အပေါက်ကပိုဆိုးလာလေနဲ့ သံသရာလည်နေတာမပြောပါနဲ့တော့။

   ကိုယ်တိုင်ကိုယ်ကလဲ အချိန်ပြည့် အဲဒီလို အော်ပြီးပြောရဆိုရတာကို ပိုပြီးတော့ပဲ နှစ်သက်လာသလိုလို။ဆိုင်မထွက်လို့ ငါးညှီနံ့လေး များမရရင် တစ်ခုခုများလိုနေသလိုလို။ အဲဒီလိုကိုဖြစ်နေတာ။ မနက်မိုးလင်း မျက်နှာသနပ်ခါးသာ မလိမ်းရင်နေမယ် ဟောဒီက ကျော့မေ တို့က ငါးဆိုင်တော့ ဖွင့်ပြီးနေပြီ။ကျန်းမာရေးကတော့ အရင်လိုမကောင်းဘူးပေါ့။ပြီးတော့ လူဖြစ်ရတဲ့ ကိုယ့်ဘ၀ကိုယ်လဲ မကျေနပ်ဘူး။ ငယ်ဆိုတဲ့ အရွယ်ထဲကသူများတွေလို မလှရ မပျော်ရ။ ဟော အသက်ကြီးလာတော့လဲ ဘာများပျော်စရာ ကောင်းတုန်း။ ဘ၀နဲ့ ကျွန်မနဲ့ နပမ်းလုံးရင်း တစ်နေ့တော့..

      ကျွန်မတို့ ရပ်ကွက်ထဲ ၁၀ ရက်တရားစခန်းဖွင့်တယ်။ အလှူ ဆိုရင်တော့ ကျွန်မကရှေ့ဆုံးကပေါ့။ ဒီတော့ ရက်ကွက်ကလူကြီး တွေက တိုက်တွန်းတယ်။ လှူ လဲလှူ ကိုယ်တိုင်လဲ ရိပ်သာစခန်းဝင်ပေါ့။ ပြောလွန်းမက ပြောကြလွန်းတော့လဲ အားနာတာနဲ့ လိုက်ဝင်ဖြစ်တာပေါ့။ ပထမရက်မှာပဲ ငါးဆိုင်ကိုကြီး စိတ်ကမြင်နေတာ။ ပြီးတော့ ငါးတွေကလဲ ယူထားပြီးသားဆို တော့ ပိတ်လို့ကလဲမရဘူးလေ။ 

     ဒီတော့ သူများကို ရောင်းခိုင်းခဲ့ရတာ။ အဆင်မှ ပြေပါ့မလား။ ရှုံးများနေပြီလား။ မျက်စိထဲ သတ်ထားတဲ့ သွေးသံရဲရဲနဲ့ ငါးတွေပြန်မြင်လာလိုက်။ စိတ်ထဲမှာ အော်ဟစ်နေချင်တာများ ထိန်းမနိုင်သိမ်းမရ။ အလိုလိုနေရင်း စိတ်ထဲမှာ ဒေါသတွေကထွက်။ ခန္ဓာကိုယ်ကလည်း ဟိုးနာက နာချင်သလိုလို ဒီနားက နာချင်သလိုလို ဒီကြားထဲ ခေါင်းကလဲ ကိုက်သေးတယ်။ ပြီး ငြိမ်ပြီးထိုင်နေရတာကိုးက ကျွန်မအတွက် ဒုက္ခ ။ ရိပ်သာမ၀င်ခင်က အလုပ်နဲ့လုပ် ပြတ်တယ်မှ မရှိပဲ။ အင်း ဒီလိုဆိုရင်တော့ ခက်ရချေရဲ့။ ရက်ကွက်ထဲ လူကြီးတွေပြောပြီး ထွက်ပစ်လိုက်ဖို့ကို ခဏခဏ စိတ်ကူးမိတယ်။ ၄ ရက်မြောက်ညဘက် အရောက် အိပ်ခါနီးမှာတော့ ဆုံးဖြတ်လိုက်တယ် မနက်ဖြန်မနက် ရိပ်သာကနေထွက်တော့မယ်။ ဘယ်..ဒီလိုသာဆို ကျွန်မ ရူးသွားနိုင်တယ်။


   မနက်မိုးလင်းအိပ်ယာကနိုးတော့ လူတွေရုတ်ရုတ်ဖြစ်နေတယ်။ ဘာများပါလိမ့်ပေါ့။ အမယ်လေး ကျွန်မရဲ့ရန်သူတော်ကြီးတစ် ယောက်လေ အိပ်နေရင်းနဲ့ ဆုံးသွားပါရောလား။ မနက်မိုးလင်း သူ့ဘေးက တူတူအိပ်တဲ့ မိန်းမက ခေါ်ကြည့်လို့မရတော့မှ ဆုံးမှန်းသိတယ်တဲ့။ သူ့ကြည့်ရတာ ဝေဒနာတော့ တော်တော်ခံစားသွားရပုံပဲ။ သူ့ရဲ့လက်တွေက အိပ်ယာခင်းကို ကိုင်ပြီးဆုပ်ထားတာ တော်တော်နဲ့ဖြည်လို့မရဘူး။ပြီးမျက်လုံးကလဲ တစ်ဝက်ကပွင့်နေသေးတယ်။  ကြည့်ရဆိုးလိုက်တာလို့ စိတ်ကတွေးနေသလို စိတ်ထဲမှာလဲ သူ့ကိုသနား သွားတယ်။ အော် သေသွားတော့လဲ ဘာမှမဟုတ်ပါလားလို့ တွေးလိုက်မိတယ်။

  ဒါဆိုရင် ငါကိုယ်တိုင်ရော သေဖို့အသင့်ပဲလားလို့ စဉ်းစားလိုက်မိတယ်။ ကျွန်မလဲ သေသွားနိုင်တာပဲမဟုတ် လား။ အဲဒီတော့မှ ကြောက်လိုက်တာ။ ဘုရား ဘုရား လို့တမိတယ်။ ခုလောလောဆယ် ဒီခန္ဓာကြီးမှာ ဘာရောဂါမှ မခံစားရတာတောင် ကျွန်မရဲ့ လောဘ ဒေါသ နဲ့ မောဟတွေကို သတ်လို့မရတာ။ ဒီခန္ဓာကြီး နာနေတဲ့အချိန်များဆို ကျွန်မ ဘယ်လိုများ တရားသိတော့မှာတုန်း။
     တရားမသိဘူးဆိုမှတော့ နောက်ဘ၀ ငရဲကျမလား သံသရာမှာ ဘယ်လိုခန္ဓာမျိုးနဲ့ ဒုက္ခတွေခံ ရလိမ့်မလဲ  ။ ခန္ဓာရပြန်တော့ လောဘ ဒေါသ မောဟတွေဖြစ်။  ဒီကြားထဲ ကျွန်မမှာ ငါးတွေကို သတ်ထားတဲ့ဝဋ်ကြွေးဆိုတာရှိသေးတယ်။ 

    မတ်တပ်ရပ်လို့ သေဆုံးသူရန်သူတော်ကြီးရဲ့ ရုပ်အလောင်းကို ကြည့်ပြီး ကျွန်မဒူးတွေ တုန်လာတယ်။ ရင်ထဲမှာလဲ တစ်လျှပ်လျှပ်ဖြစ်လာတယ်။ ဘုရား..ဘုရားဆိုပြီးတနေတာ လဲ ဘယ်နှစ်ကြိမ်မြောက်မှန်းကို မသိတော့ဘူး။ ကျွန်မရဲ့အသိကလေး လျှပ်ကနဲ တစ်ချက်ဝင်လာတယ်။ 
မဖြစ်ဘူး မဖြစ်ဘူး  ဒီဘ၀ ဒီသံသရာကတော့ လွတ်အောင်ကို ရုန်းနိုင်မှ ဖြစ်တော့မယ်လို့။ 



***
အကြံကုန်တော့ ဆားချက်ဆိုသလို အရင်တင်ပြီးသား ပို့(စ်) အဟောင်းလေးကို ပြင်စရာရှိတာလေးတွေ ပြင်ပြီ ဒီတစ်ပတ်အတွက် ပို့(စ်) အသစ်လေး လုပ်လိုက်ရပါတယ်ရှင်။
ဘလော့လေးမှာ လာရောက်ပြီး စာဖတ်သူများနှင့် တစ်ကွ ဘလော့ မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
ဘလော့မှာတင်ထားတဲ့ ပုံလေးကိုတော့ internet ကနေပဲ ရှာပြီး ယူသုံးထားမိတယ်။

2 comments:

  1. ငါးသည်မဘ၀လေးကိုမျက်စိထဲကွင်းကင်းကွက်ကွက်ကိုပေါ်လာတယ်------ဘယ်လိုပဲဖြစ်ဖြစ်
    ဒီဘ၀ သံသရာထဲကတော့ လွတ်အောင်ရုန်းဖို့ သူသတိရတာပဲကျေနပ်စရာပါ

    ReplyDelete
  2. ဟုတ်တယ်အမရေ
    သံသရာဆိုတာ အရမ်းကြောက်ဖို့ကောင်းတယ်..
    လွတ်အောင်ရုန်းနိုင်မှ..

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......