Sunday 20 February 2011

သံသရာ တစ်ကွေ့မယ်




လူတွေ လူတွေ တော်တော်ခက်ကြတာပဲ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေရတာ။ ပိုက်ဆံမရှိရင် စိတ်ဆင်းရဲရတာ ကိုယ်ကိုယ်တိုင်ပဲ သိတာ။ ဘေးကနေ သူတို့လဲကူနိုင်တာမဟုတ်။ ကိုယ်လုပ်နေတာကျတော့လဲ ဘေးကနေစေ့စေ့ကြည့်ပြီး အတင်းဆိုတာ တုတ်ကြ သေးတာ။ ကျွန်မလဲ အစကတော့ ဂရုစိုက်ပါတယ်။ လူပြောစရာလေးများ ဖြစ်မလားဟဲ့ပေါ့။ ဒါပေမယ့် ဘယ်လိုပဲနေနေ ပတ်ဝန်းကျင် ဆိုတာက ချီးမွှမ်းဖို့ဆိုရင်သာ ခက်နေတာ ကဲ့ရဲ့တာကျတော့ နေ့မကူးဘူးရက်ကွက်ထဲသတင်းပြန့်တာမြန်ပ။ အင်း ကျွန်မလုပ်နေတဲ့ အလုပ်ကလဲ ကြည့်အုန်းလေ ငါးရောင်းတာကိုး။ ဒီတော့ ဈေးသည်ဆိုတာမှ အော်ကြော်လန် ၀က်ဝက်ကွဲ ငါးစိမ်းသည် ဆိုတာကို ယူထားတာ။ ဒီလိုပြောလို့ ကျွန်မလို ဘ၀တူတွေကို နှိမ်လိုက်တာမဟုတ်ရပါဘူး။ လူတိုင်းရဲ့စိတ်ထဲမှာကိုက ငါးစိမ်းသည် ဆို အပေါက်ဆိုးတယ် အလေးခိုးတယ် စွာလန်ကျဲတယ် အဲဒီလိုမူသေ မှတ်ယူထားကြတာမဟုတ်လား။တစ်ကယ်လဲ ကျွန်မစွာပါတယ်။ မဟုတ်ရင် မခံတာလေးတစ်ခုပါပဲ။ အဖေဆုံးသွားပြီးထဲက အမေကလဲ ဘာမှ မလုပ်တတ် မောင်လေးကလဲ သုံးလေးနှစ်လောက်ရှိသေးတာ။ ပိုက်ဆံ ဆိုတာတော့မေးမနေနဲ့ အမေ့လည်ပင်းက ရွှေကြိုးလေးတောင် အဖေ့အသုဘစားရိတ် လုပ်လိုက်ရပါရောလား။ ဒီတော့ ရက်လည် ကရတဲ့ ကူငွေလေးနဲ့ အမေ့နားကတ်လေးထပ် ရောင်းပြီး ကျွန်မလဲ လောကကြီးထဲ ကုန်စိမ်းသည် အနေနဲ့ ခြေပစ်လက်ပစ်ဝင်ချလိုက်ရတာ။ အဲဒီအချိန်ကကျွန်မရဲ့ စိတ်အားငယ်မှုကို ပြန်တွေးကြည့်ရင် ခုချိန်ထိမျက်ရည်ဝဲမိနေတုန်း။

ဒါပေမယ့်တစ်ခုတော့ရှိတယ် ကျွန်မက ငယ်ငယ် လေးထဲကစွာတယ်။ရဲတယ်။ လူသိပ်မကြောက်တတ်ဘူး။ ကုန်စိမ်းစပြီးရောင်းစကတော့ ဘာပြောကောင်းမလဲ နေ့တိုင်းမျက်ရည်နဲ့ မျက်ခွက်။ ဈေးရောင်းလို့မကောင်းတာကတစ်မျိုး။ ဘ၀တူတွေအချင်းချင်း အလိမ်ခံလိုက်ရတာက တစ်ဖုံ။ နေရာမရလို့ ဗန်းကြီး ခေါင်းရွက် ဟိုရွှေ့ဒီရွှေ့နဲ့ ဈေးကောက်ကို မျက်နှာလုပ်ရတာကတစ်မျိုး။ အရင်းလေးများပြုတ်တော့ မလားဟဲ့လို ရင်တစ်မမနဲ့စ ခဲ့ရတာ။ တစ်ခါတစ်လေများဆို အိမ်မှာဆန်ပြုတ်တောင်နပ် မှန်တာမဟုတ်ဘူး။အိမ်လခကလဲ ပေးရသေး။ မပေးရင်လဲ လမ်းဘေးတဲ ထိုးနေရတော့မှာလေ။ ဒီတော့ လျှော့စားပြီး အိမ်လခပေးရတော့တာပဲ။ အဲဒီအချိန်ကများဆို အမယ်လေး ကူမယ့်သူမပြောနဲ့ ပိုက်ဆံမွဲလို့ မျက်နှာတောင်မွဲတာ ရပ်ကွက်ထဲခေါ်မယ့် ပြောမယ့်သူ ရှိကို မရှိတာ။ ပိုက်ဆံလေးများချေးလိုက်မယ်လေလို့ မတွေးနဲ့ နေ့ပြန်တိုးနဲ့ကို နစ်မှာ။ ဒီလိုနဲ့ပဲ လူရည်လေးလည်လာတော့ ကိုယ်က အပြောကောင်း အဆိုကောင်း စေတနာလေးလဲ ထည့်ရောင်း တော့ ကျွန်မတို့မိသားစု ထမင်းနပ်မှန်ရုံတင်မက။ ငွေလေးကြေးလေး နဲနဲ စုမိလာတယ်။ပြီးတော့ အိမ်ကအငယ်ကောင်လဲ ကျောင်း တက် ရတော့မယ်ဆိုတော့ ကျွန်မလဲ အကုသိုလ်ပေမယ့် ပိုက်ဆံရဖို့က အဓိကမဟုတ်လား။ ငါးစိမ်းသည်ဘ၀ ပြောင်းလိုက်ရတာ။ မပြောင်းလို့လဲ မဖြစ်ဘူး ဒီခောတ် ကန်းဇွန်းရွက် တစ်စီး ၁၀၀ လောက်ဖြစ်နေတဲ့ အချိန် မိန်းကလေးတစ် ယောက်အနေနဲ့ အိမ်မှာရှိတဲ့ မောင်လေးကျောင်းစားရိတ် နဲ့အမေ့ဖို့က ဒီလိုမှ အကုသိုလ်နဲ့ ငွေမရှာရင် ကျွန်မလိုမိန်းမမျိုး ခပ်ရိုင်းရိုင်းပြောရ ဟိုလိုမိန်းမပဲဖြစ်တော့မှာပေါ့။ နှိမ်ပြောတာ မဟုတ်ရပါဘူး။ တစ်ကယ်တော့ ဒီခောတ်ဒီအခါ ဒီလိုအချိန်မျိုးမှာ ပိုက်ဆံဆိုတာရှာရတာခက်နေတာ လူတိုင်းလဲသိနေကြတာပဲ။ တစ်ကယ်ကို ကျွန်မကိုယ်ချင်းစာတွေးတတ်ပါတယ်။လူတိုင်း လူတိုင်းမှာ အကြောင်းပြချက်ကလေးတော့ ရှိကြတာပဲလေ။ အရေးကြီးတာက ကိုယ်လုပ်နေတာပဲ ကိုယ်သိဖို့လိုတာပါ။ ငါးရောင်းတယ်ဆိုမှတော့ ရှင်တာလဲပါတာပေါ့လေ။

ဘယ်တတ်နိုင်မလဲ မျက်လုံးမှိတ်လို့ သတ်ရတာပဲ။ အကုသိုလ်နဲ့တော့ ကျွန်မမပျော်ပါဘူး။တစ်ကယ်ပါ။ သို့ပေမယ့် ကံဆိုတာကလဲ ခက်သားလား။ စီးပွားရေးများတက်လာလိုက်တာ ဒီရေအလား။ ပထမ ကျွန်မငါးရောင်းတဲ့ဆိုင်လေး ကိုယ်ပိုင်ဝယ်လိုက်နိုင်တယ်။ ဘယ်လိုပြောရမလဲ ဒီခောတ်စကားနဲ့ ဆိုရင်တော့ ဆိုင်ပိုင်ရှင်က နှစ်လုံးထိုးတာ ဗိုက်နာနေတဲ့အချိန်ပေါ့ ။ ဒီတော့ ဗိုက်နာတဲ့ဈေးလေးနဲ့ ကျွန်မ၀ယ်လိုက်နိုင် တယ်။ ပြီးရက်ကွက်ထဲ ငွေတိုးချေးစားတာလဲ ကျွန်မပဲ။ ပြောရရင် ကျွန်မနဲ့ ကိုက်တယ်ပေါ့။ ကျွန်မက အော်နိုင်တာကိုး။ သို့ပေမယ့် မရှိတဲ့ လူတွေဆို ကျွန်မကိုယ်ချင်းစာပါတယ်။ နိုင်ထက်စီးနင်းမလုပ်တတ်ဘူး။ ခက်တာကလူတွေပဲလေ တစ်ချို့ကြတော့လဲ တစ်ကယ်ကို ဒုက္ခ ရောက်တာ။ တစ်ချို့ဆိုလည်း သူများပိုက်ဆံယူပြီး ပြန်မပေးချင်တာ။ အို လူအမျိုးမျိုးစရိုက် အဖုံဖုံပါပဲ။

နောက်တော့ ကိုယ်ပိုင် "၁၀" ပေအိမ်လေးတောင် ၀ယ် ထားလိုက်နိုင်တာ။ အမယ်လေး ဒီတော့ ရပ်ကွက်ထဲက ဘာပြောကြတယ် မှတ်သလဲ။ အကုသိုလ်နဲ့မှ စီးပွားဖြစ် တာတဲ့လေ။ နောက်ပြီး ငါးယူနေကြ ငါးဆိုင်ပိုင်ရှင်ဒိုင်နဲ့က ဘာလိုလို ပြောနေကြသေးတာ။ သူတို့မို့လို့ ကိုယ်ချင်းရယ် မစာမနာ ကျွန်မလို အပျိုလေးတစ်ယောက်ကို ဒီလိုမျိုးပြောရဲလိုက်ကြ တာ။ သို့ပေမယ့် ကိုယ်ကလဲ စီးပွားရေးဆိုတာ ရှိသေးတာကလား။ မျက်နှာလေးပြစားတယ်ဆိုလားပဲ။ ဒေါသတွေထွက်လိုက်တာ။ ပြီးတော့ ပြောရက်လိုက်ကြတာ။ ဘယ်လောက်တောင်ဆိုးခဲ့သလဲဆို ငယ်ချစ်ဦးကတောင် တစ်ကယ်ပဲဖြစ်နေသလိုလိုနဲ့ သံသယတွေ ၀င်ပြီး ကွဲကွာသွားကြတဲ့အထိ။ ရက်ကွက်ထဲက မိန်းမတွေပါးစပ်များ အဲဒီထဲက စိတ်ကလဲနာ ပြီးတော့ သူတို့ကို ဂရုစိုက်ချင်စိတ်လဲ မရှိတော့ဘူး။ သူတို့လဲပြောချင်ရာပြော ကျွန်မလဲ ကျွန်မလုပ် စရာရှိတာလုပ်တယ်။ရှေ့တင်လာပြီး စောင်းသလို ရွှဲ့သလိုဆိုရင်တော့ ပါးစပ်နဲ့မပြောဘူး လက်နဲ့ကိုပြောပစ်လိုက်တယ်။ ကဲ ဘယ်သူ ပြောရဲသေးလဲ။
ဒီတော့ ကျွန်မကကြမ်းတယ်ပေါ့။ ရိုင်းတယ်ပေါ့။ ရှင်တို့ပဲ စဉ်းစားကြည့်လေ သူတို့ကမှ မကောင်းတော့ ကျွန်မလဲ မကောင်းနိုင် တော့ဘူး။ ဘာပြောကောင်းမလဲ ကျွန်မနဲ့ မတည့်တဲ့ ကောင်မတွေများ ငွေတိုးယူထားလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။

နောက်ပြီး ဒီလိုအချိန် ဒီလိုအခါက နှစ်လုံးတို့ဘာတို့ နှိပ်စက်တဲ့ အချိန်မဟုတ်လား။ ခောတ်ပျက်သူဌေးပဲခေါ်ခေါ် ။အပိုင်လုပ်ပြီးသူတို့နေတဲ့ အိမ်တွေပါသိမ်းပစ်တာ။ ငိုလဲ မသနားနိုင်ဘူး။ အရင်သူတို့အလှည့်တုန်းက လုပ်ထားတာ..ခု ကျွန်မ အလှည့်။

အဲဒါလေးတစ်ခုတော့ ကျွန်မဆိုးတယ်ပြောရမယ်။ ကိုယ့်ကိုယ်နစ်နာအောင်လုပ်ထားပြီဆိုရင်။ အချိန်ဘယ်လောက်ပဲကြာကြာ မှတ်ထားပြီး ကျွန်မအလှည့်ဟေ့ဆိုတာကို ရောက်အောင်စောင့်တာ။ အလှည့်ကျတော့ မနွဲ့ စတမ်းပေါ့။ ကိုယ့်အလှည့်တုန်းကလဲ ကိုယ့်မာန ကိုယ့်သိက္ခာကျအောင် ကိုယ့်နာမည်ပျက်အောင် ဖျက်ထားသေးတာ။သူတို့အလှည့်ကျ ဘာများငဲ့ကွက်စရာ လိုတုန်း။ ဆိုင်ပိုင်ရှင်မိန်းမက အဆိုးဆုံး။ သူကလဲပိုက်ဆံလိုလို့ ကိုယ်ကလဲ ဒီပိုက်ဆံနဲ့ဝယ်နိုင်လို့ ၀ယ်တာကိုပဲ။ သူ့မှာ မကျေနပ်ဘူး။ ကျွန်မ ထင်တာတော့ စီးပွားရေးတက်လာတော့ မလိုမုန်းထား ဘ၀တူအချင်းချင်း မနာလိုတာပိုများပေါ့။ ဒီတော့ ဟုတ်သလိုလိုနဲ့ အတင်းကနေ သတင်းတွေဖြစ်တော့တာပဲကိုး။ ဒီတော့ ကျွန်မဘ၀မှာ အသက်ကသာ ၃၀ စွန်းရော ယောက်ကျား မယူဖြစ်ဘူး။ ဘယ်လိုယူမတုန်း နာမည်ကပျက်နေတာကိုး။ ဒါပေမယ့် တန်ပါတယ်။ ခုဆို ကျွန်မအမေ ကျွန်မမောင်လေး လူတန်းစေ့စားနိုင် နေနိုင် ကျောင်းတက်နိုင်။ အမေ နဲ့မောင်လေးကတော့ ပြောပါတယ်။ ဒီအကုသိုလ် အလုပ် သူများ မျက်ရည်ပေါက်ကြီးငယ်ကျမှ ရတဲ့ပိုက်ဆံ တွေကို ရပ်လိုက်ပါတော့တဲ့။ နို့ပေမယ့် လူ့စိတ်ဆိုတာလဲခက်သား။ ဒီအလုပ်နဲ့မှ ဒီလိုဖြစ်လာတာဆိုတော့ ကျွန်မကတော့ မစွန့်နိုင် ဘူး။ လောဘက ဦးဆောင်နေတာကိုး။ အလှူအတန်းတော့ ရက်ရောတယ်။ နှမျှောတယ် တွန့်တိုတယ်လို့ မရှိဘူး။ ရွက်ကွက်ထဲ သာ ရေးနာရေးဆို ရှေ့ဆုံးကနေကို လှူတာ။ ဒီတော့ ကျွန်မနာမည် ကြီးတာပေါ့။ ဒီတော့ ဘာပြောတယ်မှတ်တုန်း။ အမယ်လေး ရက်ကွက်ထဲ ငါးစိမ်းသည်မက သူဌေးနာမည်ခံနေပါရောလားဆိုပဲ။ လှူလိုက်တာတော့ ကျုပ်လှူတာပေါ့။ ဈေးသည် ဈေးထဲဆိုတော့လဲ သတင်းကအကုန်ပြန် ကြားရတာ။ စေတနာတစ်ကျပ်ဖိုးအပြင် ဒေါသနဲ့မောဟပါ ထည့်ပေါင်းတော့ ကျွန်မအကုသိုလ်ပိုများပေါ့။

ပြန်ပြီးကြားကြားနေရတဲ့ သတင်းစကား အတင်းတွေကြောင့် ကျွန်မစိတ်မှာ တစ်နေ့တစ်နေ့ ဒေါသ၊မာန နဲ့ မောဟမီးများ လောင်လိုက်တာ မပြောပါနဲ့။ နားရတယ်ကိုးမရှိဘူး။ ဒီကြားထဲ လုပ်နေတာက ငါးရောင်းတာ။ ငါးကလဲ သတ်ရင်းသတ်ရင်း လက်ကလဲယဉ်လာလိုက်တာ။ မနောကံနဲ့ပါ ကျူးလွန်မိလာတယ်။ အဲဒီပြောနေတဲ့ ကောင်မတွေကိုလဲ ငါးတွေရဲ့ ခေါင်းကို ဓါးမနဲ့ တိကနဲ့ ဖြတ်လိုက်သလို ဒင်းတို့ကိုပါ အဲလိုဖြတ်ချင်လာတာ။စိတ်ထဲမှာ အချိန်ပြည့်။ ကျွန်မမှားနေလို့ ပြောတယ်ဆိုပြောပါ။ သို့ပေမယ့် ကိုယ်မှမဟုတ်တဲ့ဟာကို ဒင်းတို့က တစ်စိတ်တစ်အိတ်လုပ်ပြီးပြောနေတာ ရင်ထဲမှာခံပြင်းလွန်းလို့။
ဘယ်လောက်တောင်လဲဆို ကျွန်မရဲ့မျက်နှာမှာ ဒေါသရဲ့ အရှိန်နဲ့အချိန်ပြည့် နီမြန်းလာတာ။ အရင်လိုစကားတွေ မချိုသာနိုင်တော့ ဘူး။ ပိုက်ဆံလေးလဲရှိလာတော့ မာန်ဆိုတာလေးကလဲ ရောက်လာပြီးကိုး။ ဒီတော့ ကျွန်မက အသက်ကြီးလေ မိုက်လုံးကြီးလေပေါ့။ ဒီလိုဆိုကြပြန်တာလား။ ကျွန်မရဲ့ စိတ်တွေကလဲ ကြိတ်မနိုင်ခဲမရပေါ့။ ပူလောင်လိုက်တာ ပြောမနေပါနဲ့ နေ့တိုင်းအဲဒီခံပြင်းတဲ့ စိတ်ကြီးနဲ့နေရတာ။ အမယ်လေး ပူလောင်လိုက်တာ။ ဒီကြားထဲ ကျွန်မခေါင်းကလဲ ပိုပိုပြီး ကိုက်လာတယ်။ဆေးခန်းပြ ခဏပါပဲ။ နောက်နေ့ ပြန်ကိုက်မထနိုင်ဘူး။ထင်တော့ ငါးတွေရဲ့ခေါင်းကို ထုထုသတ်ခဲ့တဲ့ဝဋ်ကတော့ ဘ၀မကူးခင်လည်ပြီထင်ပ။

ဒီကြားထဲ ခေါင်းကကိုက်နေတာတောင် စိတ်ထဲဂယောင်ဂတမ်းနဲ့ ငါးခေါင်းတွေ ထုနေသေးတာ။ ဒီလိုနဲ့ ကျန်းမာရေးကလဲ တစ်နေ့ရွှေ တစ်နေ့ငွေ ဒီကြားထဲ အမေကလဲ အသက်ကြီးတော့ဆုံးသွားပြန် တယ်။ မောင်လေးကလဲ အရွယ်ရောက်ပြီ ပညာလဲစုံ ကြင်ယာလဲစုံပြီးပေါ့။ ဒီတော့ ကျွန်မတစ်ယောက်တည်း အထီးကျန်လိုက်တာ။ အသက်ကလေးကလဲ ရလာ ဘ၀ကလဲ ကြမ်းဆိုတော့ ဇရာရဲ့နှိပ်စက်ချင်းကို လူးလိမ့်ပြီးခံရတော့တာပဲ။ ကျွန်မရဲ့ မျက်နှာကလဲ တေးထားတဲ့ အာဂတတွေ လုပ်နေတဲ့ အကုသိုလ်တွေ လောဘတွေ မောဟတွေ မာန်တွေမချနိုင်သေးတော့ ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသလားမှတ်ရတယ်။ ခုဆို ကျွန်မအသက် ၅၀ နားနီးပြီးကိုး။ ဒါတောင် လူတွေကပြောနေသေး တာ အဲဒီမိန်းမကြီး သေရင်ဥစ္စာစောင့်ဖြစ်မှာတဲ့လေ။ ကိုယ့်ပစ္စည်းကိုယ်စောင့်တာ ဘာဖြစ်တုန်း။ ဒင်းတို့အပူလား။ အသက်ကကြီးလေ တစ်ယောက်တည်းဖြစ်လေ ဒေါသကပိုကြီးလေ အပေါက်ကပိုဆိုးလာလေနဲ့ သံသရာလည်နေတာမပြောပါနဲ့တော့။

ကိုယ်တိုင်ကိုယ်ကလဲ အချိန်ပြည့် အဲဒီလို အော်ပြီးပြောရဆိုရတာကို ပိုပြီးတော့ပဲ နှစ်သက်လာသလိုလို။ဆိုင်မထွက်လို့ ငါးညှီနံ့လေး များမရရင် တစ်ခုခုများလိုနေသလိုလို။ အဲဒီလိုကိုဖြစ်နေတာ။ မနက်မိုးလင်း မျက်နှာသနပ်ခါးသာ မလိမ်းရင်နေမယ် ဟောဒီက ကျော့မေ တို့က ငါးဆိုင်တော့ ဖွင့်ပြီးနေပြီ။ကျန်းမာရေးကတော့ အရင်လိုမကောင်းဘူးပေါ့။ပြီးတော့ လူဖြစ်ရတဲ့ ကိုယ့်ဘ၀ကိုယ်လဲ မကျေနပ်ဘူး။ ငယ်ဆိုတဲ့ အရွယ်ထဲကသူများတွေလို မလှရ မပျော်ရ။ ဟော အသက်ကြီးလာတော့လဲ ဘာများပျော်စရာ ကောင်းတုန်း။ ဘ၀နဲ့ ကျွန်မနဲ့ နပမ်းလုံးရင်း တစ်နေ့တော့..

ကျွန်မတို့ ရပ်ကွက်ထဲ ၁၀ ရက်တရားစခန်းဖွင့်တယ်။ အလှူဆိုရင်တော့ ကျွန်မကရှေ့ဆုံးကပေါ့။ ဒီတော့ ရက်ကွက်ကလူကြီး တွေက တိုက်တွန်းတယ်။ လှူလဲလှူကိုယ်တိုင်လဲ ရိပ်သာစခန်းဝင်ပေါ့။ ပြောလွန်းမက ပြောကြလွန်းတော့လဲ အားနာတာနဲ့ လိုက်ဝင်ဖြစ်တာပေါ့။ စစချင်းရက်များတုန်းကဆို ငါးဆိုင်ကိုကြီး စိတ်ကမြင်နေတာ။ ပြီးတော့ ငါးတွေကလဲ ယူထားပြီးသားဆို တော့ ပိတ်လို့ကလဲမရဘူးလေ။ ဒီတော့ သူများကို ရောင်းခိုင်းခဲ့ရတာ။ အဆင်မှ ပြေပါ့မလား။ ရှုံးများနေပြီလား။ မျက်စိထဲ သတ်ထားတဲ့ ငါးတွေပြန်မြင်လာလိုက်။ သွေးသံရဲရဲနဲ့။ ဒီကြားထဲ စိတ်ထဲမှာ အော်ဟစ်နေချင်တာများ ထိန်းမနိုင်သိမ်းမရ။အင်း ဒီလိုဆိုရင်တော့ ခက်ရချေရဲ့။ ရက်ကွက်ထဲ လူကြီးတွေပြောပြီး ထွက်ပစ်လိုက်ဖို့ကိုစိတ်ကူးတာ။ ၄ ရက်မြောက်ညဘက် အရောက် အိပ်ခါနီးမှာတော့ ဆုံးဖြတ်လိုက်တယ် မနက်ဖြန်မနက် ရိပ်သာကနေထွက်တော့မယ်။

မနက်မိုးလင်းအိပ်ယာကနိုးတော့ လူတွေရုတ်ရုတ်ဖြစ်နေတယ်။ ဘာများပါလိမ့်ပေါ့။ အမယ်လေး ကျွန်မရဲ့ရန်သူတော်ကြီးတစ် ယောက်လေ အိပ်နေရင်းနဲ့ ဆုံးသွားပါရောလား။ မနက်မိုးလင်း သူ့ဘေးက တူတူအိပ်တဲ့ မိန်းမက ခေါ်ကြည့်လို့မရတော့မှ ဆုံးမှန်းသိတယ်တဲ့။ သူ့ကြည့်ရတာ ဝေဒနာတော့ တော်တော်ခံစားသွားရပုံပဲ။ သူ့ရဲ့လက်တွေက အိပ်ယာခင်းကို ကိုင်ပြီးဆုပ်ထားတာ တော်တော်နဲ့ဖြည်လို့မရဘူး။ပြီးမျက်လုံးကလဲ တစ်ဝက်ကပွင့်နေသေးတယ်။ သူ့ရဲ့ နဂိုရှိရင်းစွဲ သွားခေါတာ ကလဲ ပိုခေါနေသလိုပဲ အပြင်ကိုငှောထွက်နေတာ။ ကြည့်ရဆိုးလိုက်တာလို့ စိတ်ကတွေးနေသလို စိတ်ထဲမှာလဲ သူ့ကိုသနား သွားတယ်။အရင်က မကျေနပ်ချက်တွေ ဘယ်ကိုရောက်ကုန်ပြီလဲ မသိဘူး။ အော် သေသွားတော့လဲ ဘာမှမဟုတ်ပါလားလို့ တွေးလိုက်မိတယ်။

ဒါဆိုရင် ငါကိုယ်တိုင်ရော သေဖို့အသင့်ပဲလားလို့ စဉ်းစားလိုက်မိတယ်။ ကျွန်မလဲ သေသွားနိုင်တာပဲမဟုတ် လား။ အဲဒီတော့မှ ကြောက်လိုက်တာ။ ဘုရား ဘုရား လို့တမိတယ်။ ခုလောလောဆယ် ကိုယ့်ဒီခန္ဓာကြီးက ဘာရောဂါမှ မခံစားရတာတောင် ကျွန်မရဲ့ လောဘ ဒေါသ နဲ့ မောဟတွေကို သတ်လို့မရတာ။ ဒီခန္ဓာကြီးနာနေတဲ့ အချိန်များဆို ကျွန်မ ဘယ်လိုများ တရားသိတော့မှာတုန်း။ တရားမသိဘူးဆိုမှတော့ နောက်ဘ၀ဒီခန္ဓာကြီးရ ဒီလိုပဲ လောဘတွေ ဒေါသတွေဖြစ်။ ဒါတောင် ကျွန်မမှာ ငါးတွေသတ်ထားတဲ့
ဝဋ်ကြွေးဆိုတာရှိသေးတယ်။ မတ်တပ်ရပ်လို့ သေဆုံးသူရန်သူတော်ကြီးရဲ့ ရုပ်အလောင်းကို ကြည့်ပြီး ကျွန်မဒူးတွေ တုန်လာတယ်။ ရင်ထဲမှာလဲ တစ်လျှပ်လျှပ်ဖြစ်လာတယ်။ ဘုရား..ဘုရားဆိုပြီးတနေတာ လဲ ဘယ်နှစ်ကြိမ်မြောက်မှန်းကို မသိတော့ဘူး။ ကျွန်မရဲ့အသိကလေး လျှပ်ကနဲ တစ်ချက်ဝင်လာတယ် ဒီဘ၀ ဒီသံသရာကတော့ လွတ်အောင်တော့ ရုန်းမှဖြစ်တော့မယ်လို့...။ ။

(သီလရှင်..ဆရာလေး)အင်း..ဒါကတော့ ဆရာလေးရဲ့ ဘ၀ဇာတ်ကြောင်းပဲ ဒါယကာမလေးရယ်။ ခုတော့ ဆရာလေးလဲ တစ်ယောက်တည်း ဖြစ်တာလဲ မကျေနပ်တာမရှိတော့ပါဘူးကွယ်။ အကြောင်းရှိလို့ အကျိုးဖြစ်တာမဟုတ်လား။ ပြီးတော့ သူများကလိုက်ပြောနေတာကို ကိုယ့်စိတ်က လက်ခံလိုက်မှ ကိုယ်ကရတာပါကွယ်။ ကိုယ့်စိတ်ထဲမထည့်ဘူးဆိုရင် ဘာများရနိုင်အုန်းမလဲ။သံသရာမှာ ကိုယ်ကသူများကို ဒီလိုတစ်ကြိမ်ပြောခဲ့ဘူးတာမို့ ကိုယ့်အလှည့်ဒီဘ၀မှာ ၀ဋ်ဆိုတာ ပြန်ဆပ်တယ် လို့မှတ်ပါကွယ်။ ကိုယ့်ဘက်ကသာ မှန်နေတယ်ဆိုရင် တစ်ချိန်ချိန်မှာ သူ့အလိုလို အမှန်တရားဆိုတာ ပေါ်ပေါက် လာမှာပါ။ မေတ္တာသည်သာ အမြတ်ဆုံးပဲကွဲ့။ အဲဒီလိုမဟုတ်ပဲနဲ့ သူကပေးနေတဲ့ မနာလိုမုန်းတီးချင်း မရှုတဲ့စိတ်ထားတွေကို ကိုယ့်ဘက်က မာန်မာန ဒေါသနဲ့ မောဟတွေ ပြန်ပေးနေရင်းဖြင့် နှစ်ဘက်စလုံးဟာ ဘဲစားဘဲချေးဖြစ်တော့မှာပေါ့ကွယ်။
ကဲ ဆရာလေးလဲ ဆွမ်းစားချိန် နီးပြီးမို့ ကြွတော့မယ်ကွဲ့။
ဒါယကာမလေးတို့လဲ တစ်သက်တာလုံး မေတ္တာရေဖြန်းလို့ မေတ္တာနဲ့ အေးချမ်းပါစေကွယ်....

(ဖူး) တင်ပါ့ ဆရာလေးဘုရား။ ဆရာလေးကို ဒီနေ့အဖို့ ဆွမ်းကပ်ပါရစေဘုရား..

(သီလရှင် ဆရာလေး) အိမ်း အိမ်း သာဓု သာဓု သာဓု ပါကွယ်။


ဖူးတို့ သူငယ်ချင်းတစ်သိုက် ကျိုက်ထီးရိုးဘုရားဖူးထွက်လာကြသည်။ကျောင်းတွင် ဖူးတို့အဖွဲ့နှင့် အပြိုင်အဆိုင် မတည့်သော အဖွဲ့ကလဲ ကားချင်းကလဲ တူတူ။ တည်းခိုတော့လဲ တူတူ။ သူတို့ကမတူတူအောင် လိုက်ပြိုင်ဆိုင်နေကြသည်။ ဒီတော့ ဖူးတို့တစ်ဖွဲ့လုံး မပျော်ရ။ ဒေါသတွေသာ အလိပ်လိုက်ထွက်နေကြသည်။ ရေတံခွန်သွားတော့လည်း အတူတူလိုက်ပြီး ဖူးတို့အဖွဲ့ကို တစ်လမ်းလုံး မခံချင်အောင် လိုက်ပြောသည်။ ဒီတော့ အဖွဲ့မှ ယောက်ကျားလေးများက ထိုးမယ် ကြိတ်မယ် တစ်ကဲကဲနှင့် မိန်းကလေးတွေကလဲ ပြသနာတက်မှာစိုးသောကြောင့် လိုက်ထိန်းနေရနှင့် ဘုရားကိုပင်ဖြောင့်ဖြောင့် ရှိခိုးမိရဲ့လားတောင် မသေချာ။
မနက်ဖြန်ဆိုပြန်ရတော့မှာမို့ နံနက်စာအဆာပြေစားအပြီး ဘုရားရင်ပြင်တော်ပေါ်တွင်
ဝိုင်းဖွဲ့ထိုင်ရင်း မခံချင်သည်များကို အဖွဲ့ထဲ တစ်ယောက်တစ်ပေါက်ပြန်ပြောနေတုန်း ခုနက သီလရှင်ဆရာလေးက
ဝင်ရောက်ပြောဆို ဖျန်ဖြေပေးသွားချင်သာ ဖြစ်သည်။ ခုတော့လဲ အဖွဲ့ထဲက လူများတိတ်လို့..စိတ်ထဲမှာတော့ ကြည်နူးမိကြ သည်။ သီလရှင် ဆရာလေးအားလဲ မနက်ဆွမ်းကပ်လိုက်ကြသည်။ ပြီးတော့ ဆန့်ကျင်ဘက်အဖွဲ့အားလည်း ဥပက္ခာပြုလိုက်ကြ သည်။ သူတို့ဘာသာ ဘာပြောပြော။ အရေးကြီးတာက ကိုယ်တွေရဲ့ စိတ်ထဲမှာ ကြည်နူးစွာနဲ့ ကျိုက်ထီးရိုးဘုရားကြီးအား အေးအေးချမ်းချမ်း ဖူးကြဖို့သာ အဓိက။
နှစ်တိုင်းကျိုက်ထီးရိုးဘုရားကြီးကိုလာဖူးပြီးပြန်နေကျ ဖြစ်သော်လည်း။ ဒီနှစ်ဖူးပြီးပြန်ရတဲ့ အပြန်လမ်းတွင်တော့ စိတ်ထဲမှာအားလုံး ပေါ့ပါးနေကြသည်။ ပြီးတော့ ကြည်နူးနေကြသည်။ဘာရယ်တော့မဟုတ်။ သူတို့သူငယ်ချင်းအားလုံး၏ မျက်နှာသည် ကြည်လင်ပြီး ပြုံးရိပ်သန်းနေကြသည်။ ဆရာလေးပြောသော မေတ္တာ၏ အေးချမ်းသော အရိပ်ကြောင့်သာ ဖြစ်မယ်လို့ ဖူးတစ်ယောက်တွေးနေမိ တော့သည်။

ဘလော့မှာတင်ထားတဲ့ ပုံလေးကိုတော့ internet ကနေပဲ ရှာပြီး ယူသုံးထားမိတယ်။

8 comments:

  1. မေတ္တာရည်ဖြန်းလို့ အေးချမ်းပါစေဗျာ ...

    ခင်မင်လေးစားလျှက်
    အုပ်ကြီး

    ReplyDelete
  2. လူအမျိုးမျိုး စိတ်အထွေထွေပါလေ...
    ဒါပေမယ့် မေတ္တာကတော့ တကယ် အေးမြပါတယ်လေ...
    ဘုရားရှင်တောင် ရန်အပေါင်းကို မေတ္တာနဲ့ အောင်နိုင်ခဲ့တာဘဲလေ...

    ReplyDelete
  3. ခပ်သွက်သွက်ရေးဟန်ကြောင့် ဇာတ်လမ်းက ကြွနေတယ်။ တွေးစရာလေးလည်း ကျန်ခဲ့စေလို့ ဖတ်လို့ကောင်းတယ်။ ဘဝသရုပ်ဖော်လေးတွေ ဆက်ရေးဖို့အားပေးပါတယ်။

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)22 February 2011 at 22:38

    အကြောင်းအရာရော
    ရေးထားတာရော ကောင်းတယ် ဆွေလေးရေ
    စာပိုဒ်လေးတွေ သေချာ ပြန်ခွဲလိုက်ရင် ဖတ်ရတာ ပိုကောင်းသွားမယ်
    ခရီးတွေထွက်နေလို့ ခုမှ ရောက်ဖြစ်တယ်

    ReplyDelete
  5. အဖြူရောင်နတ်သမီး23 February 2011 at 09:49

    ဖတ်လို့ အနှစ်သာရရှိတဲ့ ပို့စ်လေးတစ်ခုပါ ဆွေလေးရေ...

    ReplyDelete
  6. ဆွေလေးရေ... ပြသာနာကြောင့် ရို့စ်လည်း ဘယ် ဘလော့ဂ်တွေ အသစ်တင်မှန်း မသိတော့ဘဲ မရောက်ဖြစ်ခဲ့ဘူး။ အခုမှ ဒီ ၀တ္ထုတိုလေး တွေ့လို့ ဖတ်သွားပါတယ်။ အရေး ခပ်သွက်သွက်နဲ့ အရင်ကထက် ပိုကောင်းလာတယ်။ ပို့စ် အသစ်များလည်း စောင့်မျှော် နေပါတယ်နော်။ http://redroseofburma.blogspot.com/

    ReplyDelete
  7. စာလေးဖတ်လို့တကယ်ကောင်းပါတယ်။


    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  8. စာလေးဖတ်လို့ ကောင်းလိုက်တာ။

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......